Wednesday, September 19, 2018

အမေရိကန်ရဲ့ နာမည်ကြီး Iphone ကို တရုတ်မှာ ထုတ်လုပ်နေရခြင်းရဲ့ အကြောင်းအရင်း






အမေရိကန်ရဲ့ နာမည်ကြီး Iphone ကို တရုတ်မှာ ထုတ်လုပ်နေရခြင်းရဲ့ အကြောင်းအရင်း
*****************************************************************
ရေးသားသူ –ဗန်းမော်သိန်းဖေ

သိတဲ့မိတ်ဆွေများသိကြမှာ ဖြစ်ပေမယ့် မသိသေးတဲ့သူတွေကတော့ ကမ္ဘာ့နာမည်ကြီး အိုင်ဖုန်းကို တရုတ်က ထုတ်တယ်ဆိုတော့ ပေါက်ကရလို့ထင်မိမှာပါ။ အဲလိုထင်မိရင် အရင်ဆုံး မိတ်ဆွေ အိုင်ဖုန်း ရဲ့ ကျောဘက်ကို လှန်ကြည့်ကြည့်ပါ။
အဲဒီမှာ
– Designed by Apple in California Assembled in China ဆိုတဲ့ ကယ်လီဖိုးနီးယားမှာ ဒီဇိုင်းဆွဲပြီး တရုတ်မှာထုတ်လုပ်တပ်ဆင်တယ် လို့ အဓိပ္ပါယ်ရတဲ့ စာကြောင်းကို ထင်ထင်ရှားရှား မြင်ရပါလိမ့်မယ်။ ဘာကြောင့် အိုင်ဖုန်းတွေကို တရုတ်မှာ ထုတ်လုပ်ရသလဲ ဆိုတဲ့အကြောင်း ဆရာ ဗန်းမော်သိန်းဖေရေးထားတဲ့ ပိုစ့်ကို ပြန်လည်ဝေမျှလိုက်ပါတယ်။

၂၀၁၀ ခုနှစ်မှာ အမေရိကန်သမ္မတ အိုဘားမားက ညစာစားပွဲတခုမှာ Apple ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Steve Jobs(စတိဗ်ဂျော့) ကိုမေးပါတယ်။
Apple ရဲ့ Productsတွေဖြစ်ကြတဲ့ iPhone, iPadတို့ကို တရုတ်ပြည်မှာ သွားထုတ်လုပ်နေတာကို (အမေရိကန်လူမျိုးတွေ အလုပ်ရအောင်) အမေရိကန်ကို ပြောင်းလာရင် ဖြစ်မလားလို့ မေးတယ်။ စတိဗ်က မဖြစ်နိုင်ဘူးလို့ ပြောလိုက်တယ်။
နောက်ပိုင်းမှာ သူ့ရဲ့လက်အောက်က Apple ကုမ္ပဏီအရာရှိတစ်ဦးက စတိဗ်ဘာကြောင့် အဲဒီလိုပြောခဲ့ရသလဲဆိုတာကို မီဒီယာကို အခုလို ရှင်းပြခဲ့ပါတယ်။
အချိန်က၂၀၀၇ ခုနှစ်။ ပထမဆုံးပေါ်တဲ့ iPhone ကမ္ဘာကိုဖြန့်ဖို့ (၂)လ လောက်ပဲ လိုတော့တဲ့ တစ်နေ့မှာ စိတ်ဆိုးနေပုံရတဲ့ စတိဗ်က သူ့လက်ထောက်တွေအားလုံးကို သူ့ရုံးခန်းထဲလာဖို့ခေါ်လိုက်ပါတယ်။
အားလုံးရောက်လာတာနဲ့ စတိဗ်က သူစမ်းသုံးကြည့်ဖို့ယူထားတဲ့ iPhone နမူနာတစ်လုံးကို သူ့ဘောင်းဘီ ဘေးအိတ်ထဲကနေ ဆွဲထုတ်ယူလိုက်ပြီး အားလုံးမြင်သာအောင်ထောင်ပြရင်း အခုလိုပြောလိုက်ပါတယ်။
“ဒီဖုံးရဲ့မှန်သားပြင်(screen)ကို ကြည့်စမ်းပါ။ ခြစ်ရာတွေပေါ်နေတယ်။ လူတွေဟာ လက်ကိုင်ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်တတ်ကြတယ်။
ဘောင်းဘီအိတ်ထဲမှာ သော့တွဲ ၊ ပိုက်ဆံ၊ အကြွေစေ့တွေလည်း ထည့်တတ်ကြတယ်။ ဒါတွေနဲ့ထိလို့ ခြစ်ရာပေါ်နေတဲ့ဖုန်းမျိုး ငါ ကမ္ဘာကိုမဖြန့်ချင်ဘူး။ ဒီ Plastic screen ကို ခြစ်ရာမထင်နိုင်တဲ့ မှန်သား Glass_screenနဲ့ လဲပစ်ရမယ်။ အခုထုတ်ပြီးသား ဖုန်းတွေအားလုံးကို(၆)ပတ်အတွင်း ပြီးအောင်လဲလိုက်ကြ။ ကဲ သွားကြတော့”လို့ပြောလိုက်တယ်။
သူ့လက်ထောက်တွေအားလုံး အရမ်းခေါင်းခြောက်သွားကြတယ်။ စတိဗ်အကြောင်း သူတို့ကောင်းကောင်းသိတယ်။ စတိဗ်ဟာ သူပြောပြီးတဲ့စကားကို ဘယ်တော့မှအလျှော့မပေးတတ်ဘူး။ သူလိုချင်တာဖြစ်အောင် လုပ်ကြရတော့မယ်။
ခက်တာက iPhone စတင်ရောင်းမယ့်ရက်ကို ကမ္ဘာသိကြေငြာပြီးပြီ။ ၂လပဲကျန်တော့တယ်။ ကမ္ဘာကိုမဖြန့်ခင် ဖုန်းတွေကို Glass Screen နဲ့ အစားထိုးလဲဖို့ အချိန်(၆)ပတ်ပဲ ပေးတယ်။ လုပ်ပြီးသား ဖုန်းအလုံးသိန်းချီပြီးကို (၆)ပတ်အတွင်း screen လဲတပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အရင် Screenလုပ်ပေးနေကျ အမေရိကန်ကုမ္ပဏီ Corning ကို မေးကြည့်တော့ အချိန်(၆)လကြာမယ်တဲ့။
သူတို့အထဲက လက်ထောက်တစ်ယောက်က စဉ်းစားတယ်။ ဒီလောက်အချိန်တိုတိုနဲ့ စတစ်ဗ်ဖြစ်ချင်တာရဖို့ အမေရိကန်နိုင်ငံမှာ တော့မဖြစ်နိုင်ဘူး။
ဒါကြောင့် သူဟာ(၃)ရက်အကြာမှာ တရုတ်ပြည်က မှန်ဖြတ်စက်ရုံအများအပြားရှိတဲ့ Shenzhenပြည်နယ်ကို လေယာဉ်နဲ့ထွက်ခွာသွားတယ်။ Shenzhenပြည်နယ်က စက်ရုံမှူးတွေနဲ့တွေ့ပြီး သူလိုချင်တဲ့ Glass_screen ကို iPhone တွေမှာ သတ်မှတ်ရက်အတွင်းပြီးအောင် လုပ်ပေးနိုင်ရင် အလုပ်အပ်မယ်လို့ ကမ်းလှမ်းတယ်။
နောက်ဆုံး တရုတ်ကုမ္ပဏီ Foxconn နဲ့ သဘောတူညီမှုရတယ်။ သဘောတူစာချုပ်တောင် မချုပ်ရသေးဘူး Foxcoon က iPhone အတွက် screen လဲတပ်ဖို့ စက်ရုံအသစ်တခုကို အားချင်းဆောက်လိုက်တယ်။
စတိုကြီးထဲမှာလဲ စမ်းသပ်ဖို့ မှန်ချပ်တွေဝယ်ပြီး အမျိုးအစားအလိုက် ခွဲခြားသိုလှောင်ထားလိုက်တယ်။ စက်ရုံမှူးက သူ့အင်ဂျင်နီယာတွေကို စက်ရုံဝင်းထဲက ဘားတိုက်တွေမှာ လာနေခိုင်းလိုက်တယ်။ အရေးကြီးရင် အချိန်မရွေး ခေါ်လို့ရအောင်ပေါ့။ မှန်တွေကို ပိုက်ဆံမယူပဲ ကြိုက်သလောက် စမ်းကြည့်နိုင်တယ်လို့ပြောပါတယ်။
စတိဗ်လက်ထောက်ဟာ အဲဒီစက်ရုံမှာ တစ်လကြာအောင်နေပြီး တရုတ်အင်ဂျင်နီယာတွေနဲ့ မှန်မျိုးစုံကိုဖြတ်ကြည့်တယ်။
iPhone_Screen ဖြစ်လာအောင်လုပ်ကြတယ်။ ခြစ်ရာပေါ်မပေါ်စမ်းကြည့်တယ်။

နောက်ဆုံး screenလုပ်နိုင်မယ့် စိတ်ကြိုက်မှန်တွေ့ပြီဆိုတော့ Foxconn ကို အလုပ်အပ်တဲ့ စာချုပ်ချုပ်လိုက်တယ်။ အမေရိကန် ကယ်လီဖိုးနီးယားမှာရှိတဲ့ Apple ကုမ္ပဏီကို screenလဲတပ်ဖို့ iPhone ပထမတစ်သုတ်ကို Foxconn စက်ရုံကို ပို့လိုက်ဖို့ အကြောင်းကြားလိုက်တယ်။
တစ်ပတ်ကြာတော့ မှာထားတဲ့ iPhone တွေ ထည့်ထားတဲ့ ကုန်သေတ္တာတွေ စက်ရုံကိုရောက်လာတယ်။ ရောက်တဲ့အချိန်က မိုးအတော်ချုပ်နေပြီ။
iPhone သေတ္တာတွေကို စက်ရုံထဲချအပြီးမှာ စက်ရုံမှူးဟာ ဝီစီကိုတတွီတွီနဲ့ မှုတ်လိုက်တယ်။ စက်ရုံဝန်းထဲက ဘားတိုက်တွေမှာ အနားယူနေကြတဲ့ ထောင်နဲ့ချီတဲ့ အင်ဂျင်နီယာတွေ အလုပ်သမားတွေ ဘားတိုက်ပေါ်က ပြေးဆင်းလာကြပြီး စက်ရုံရှေ့မြေကွက်လပ်မှာ တန်းစီလိုက်ကြတယ်။ စက်ရုံမှူးက အခုအချိန်ကစပြီး မှန်ချပ်တွေကိုဖြတ်ပြီး iPhone Screen တွေ လုပ်ဖို့တစ်ညလုံး အလုပ်ဆင်းကြရမယ်လို့ပြောလိုက်တယ်။
စကားပြောပြီးတာနဲ့ အားလုံးကို စားပွဲတွေပေါ်က လက်ဖက်ရည်တခွက်နဲ့ ပေါင်မုန့်တချပ်စီကိုတန်းစီယူစားခိုင်းလိုက်တယ်။ အားလုံး ကမန်းကတန်းယူစားကြပြီး စက်ရုံထဲဝင်သွားကြတယ်။
စက်ရုံတခုလုံး ထောင်နဲ့ချီတဲ့အလုပ်သမားတွေဟာ ချက်ချင်းပဲ အလုပ်စတင်လုပ်ကြတယ်။ နေ့ဆိုင်း ညဆိုင်းတွေနဲ့လုပ်လိုက်ကြတာ ၃ရက်အတွင်းမှာ iPhone အလုံး တစ်သောင်းရဲ့ plastic_screen တွေကို glass_screenတွေနဲ့ လဲတပ်ပြီးသွားတယ်။
နောက်၃လအကြာမှာ Appleကုမ္ပဏီ ဟာ iPhone အလုံးပေါင်းတစ်သန်း ရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာ iPhone ကို အမေရိကန် ကယ်လီဖိုးနီးယားမှာ ဒီဇိုင်းပဲဆွဲပြီး ကုန်ကြမ်းကနေ iPhone ဖြစ်တဲ့အထိ တရုတ်ပြည်မှာပဲ လုပ်ပါတော့တယ်။ ၄နစ်ကြာတော့ Apple ဟာ iPhone အလုံးပေါင်းသန်း(၂၀၀)ရောင်းချနိုင်ခဲ့ပါတယ်။
မီဒီယာကိုပြောပြနေတဲ့ Appleကုမ္ပဏီအရာရှိက ဆက်ပြောပြပါသေးတယ်။ ကုန်ကြမ်းကနေ iPhoneတွေဖြစ်လာတဲ့အထိ ထုတ်လုပ်ဖို့ အင်ဂျင်နီယာပေါင်း(၈,၇၀၀)နဲ့အလုပ်သမားပေါင်း ၂ သိန်းလိုအပ်ပါတယ်။ အင်ဂျင်နီယာ(၈,၇၀၀)ရအောင်စုဖို့အမေရိကန်မှာ ၉လကြာမြင့်မှာဖြစ်ပြီး တရုတ်ပြည်မှာ (၁၅)ရက်ပဲကြာပါလိမ့်မယ်။
အမေရိကန်မှာ iPhone လုပ်ရင် လုပ်ခဈေးကြီးတာရယ် လူမရလို့ အချိန်ပိုကြာအောင် လုပ်ရမှာတွေကြောင့် iPhone ကို အခုတရုတ်ပြည်မှာထုတ်ပြီး ရောင်းတာထက် အများကြီးဈေးကြီးနေမှာမို့ ဘယ်သူမှဝယ်ကြမှာ မဟုတ်ပါဘူးတဲ့။
ဒီလောက်ဆိုရင် iPhone ကို တရုတ် မှာ ဘာကြောင့်ထုတ်လုပ်နေတယ်ဆိုတာ သိနိုင်ပါပြီ။
လုပ်ခဈေးနှုန်း သက်သာတယ်။ မြန်မြန်ဆန်ဆန် လုပ်တတ်တယ်။ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင် လုပ်နိုင်တာတွေကြောင့် တရုတ်ပြည်ဟာ ယနေ့ကမ္ဘာမှာ စီးပွားရေးထိပ်တန်း နိုင်ငံတစ်ခုဖြစ်နေပါပြီ။
မှတ်ချက်။
၁။ အမေရိကန်နိုင်ငံထုတ် “The_New_York_Times” သတင်းစာမှာပါတဲ့ သတင်းတပုဒ်ကိုမှီငြမ်းရေးထားတာပါ။
၂။ Steve Jobs ဟာ(၂၀၁၁) ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

No comments:

Post a Comment