iPhone ဝယ်မယ်စဉ်းစားလိုက်တိုင်းမှာ တိုင်ပတ်နေကျအရာတစ်ခု အမြဲရှိတတ်ပါတယ်။ ဘယ် Region ဝယ်ရမလဲ? Region ကွာရင် Quality တွေ ကွာသွားသေးလား? တခြားဘာတွေရော ကွာခြားသွားသေးလဲ ?

ဒါတွေက iPhone  ဝယ်မယ်ဆိုတိုင်းမှာ စဉ်းစားနေရတဲ့ အချက်တွေပါပဲ။ ဒီတော့ iPhone တွေရဲ့ Region တွေနဲ့ပတ်သက်ပြီး အောက်မှာ အနည်းငယ်ရှင်းချင်ပါတယ်။ 

ကျွန်တော်တို့ နိုင်ငံမှာက iPhone Region နဲ့ ပတ်သက်ရင် စွဲနေတဲ့ အစွဲလေးတွေ ရှိပါတယ်။  ဘာလဲ ဆိုတော့ (ZP/A)(Singapore) မှကောင်းတယ် (ZP/A)(Singapore)  ပဲ ဝယ်မယ်  (ZP/A)(Singapore)  မှ မဟုတ်ရင် iPhone ကို iPhone လို့တောင် သိပ်မယုံချင်ဘူးဆိုတာမျိုး ရှိတတ်တာပါ။ တကယ်တော့ iPhone တွေအားလုံးရဲ့ Quality ဟာအတူတူပါပဲ။ တချို့တွေ ထင်နေသလို (ZA/A) က (HongKong) ထုတ်တွေမို့ Quality နိမ့်တယ်ဆိုတာမျိုး မရှိပါဘူး။ 

ကျွန်တော်တို့က China Region နဲ့ ဝင်လာတဲ့ iPhone တွေဆို Singapore အလုံးတွေလောက်တော့ ယုံကြည်စိတ်ချမှု မပြင်းပြဘူးလို့ ပဲ ပြောရမလား?  ဒါကလည်း တရုတ်နိုင်ငံထုတ်ပစ္စည်းတွေအပေါ်မြင်တဲ့ ကျွန်တော်တို့ရဲ့ ရှေးရိုးစွဲအမြင်နဲ့လည်း သက်ဆိုင်မယ် ထင်ပါတယ်။ ကျွန်တော်ခုပြောပြမယ့် Apple စက်ရုံ ဘယ်လိုလည်ပတ်လဲ ဆိုတဲ့အကြောင်းလေး သိပြီးရင်တော့ အစွဲလေးတွေကို အနည်းငယ်ဖြုတ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ 

Apple ဟာ iPhone ရဲ့ အစိတ်အပိုင်းတွေ (Display, Battery, Chipset) ကိုကိုယ်တိုင်ထုတ်လေ့မရှိပါဘူး။ သူတို့ရဲ့ Supplier တွေ ဆီကနေ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို မှာယူပြီး တရုတ်ပြည်မှာပဲ တပ်ဆင်ပါတယ်။ ဒီလိုတပ်ဆင်ပြီး Quality Control (QC) Test အောင်မြင်မှသာ ကမ္ဘာအနှံ့ကိုတင်ပို့ပါတယ်။ ဒါကြောင့် iPhone တိုင်းက Assembled in China ဖြစ်နေတာပါ။ (ခြွင်းချက်အနေနဲ့ကတော့ iPhone SE ကိုတော့ India ကစက်ရုံမှာဆင်လိုက်ပါသေးတယ်) လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေအရတော့ နောက်လာမယ့်နှစ်တွေမှာ  iPhone တွေကို China အစား India မှာ တပ်ဆင်လာနိုင်ပါတယ်။

Region တွေ အဓိကကွာရတဲ့အကြောင်းကတော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ ချမှတ်ထားတဲ့ Policy တွေက မတူလို့ပဲ ဖြစ်ပါတယ်။ ဥပမာ –  US မှာဆိုရင် 2-pin Adapter က Standard အနေနဲ့ သတ်မှတ်ထားပြီး Singapore မှာတော့ 3-Pin Adapter က Standard အနေနဲ့ သတ်မှတ်ထားပါတယ်။ Australia မှာဆိုရင်လည်း 3-Pin Adapter ကိုမှ အောက်က 2 Pin ကအစောင်းကို Standard အနေနဲ့ သတ်မှတ်ထားပါတယ်။ ဒီလိုတစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီတဲ့ မူဝါဒတွေကြောင့် Apple ဟာလည်း နိုင်ငံတွေရဲ့ Policy နဲ့ ကိုက်ညီအောင် Region Code တွေ သတ်မှတ်ပြီး တင်ပို့ရခြင်း ဖြစ်ပါတယ်။

နောက်ပြီး Korea တို့ Japan တို့မှာဆိုရင်လည်း ဓာတ်ပုံခိုးရိုက်ခွင့်ကို တင်းကျပ်ထားတာကြောင့် အဲဒီနိုင်ငံတွေကို တင်ပို့မယ် ဆိုရင် Camrea Shutter သံကို Silent လုပ်လို့မရအောင် ပြုလုပ်ပြီးမှ တင်ပို့ပေးရပါတယ်။

ဒါ့အပြင် ရေနံတွင်းတွေ ဖင်ခုထိုင်ထားတဲ့ UAE နိုင်ငံကိုတင်ပို့တဲ့ iPhone တွေမှာဆိုလည်း FaceTime မပါပါဘူး။ (ဘာလို့ Face Time မပါလည်းဆိုတာကိုတော့ တွေးကြည့်လိုက်တာနဲ့ သိမှာပါ 😛😛) 

မြန်မာနိုင်ငံအတွက် ဘယ် Region တွေက သင့်တော်လဲ?

ကျွန်တော်တို့နိုင်ငံမှာတော့ Sim Unlocked အလုံးတွေဆိုရင်တော့ Region မရွေးအသုံးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် တရားဝင်သတ်မှတ်ထားတဲ့ Region Code ကတော့ A အက္ခရာနဲ့ ဂဏန်းလေးလုံး(eg. A1234) ပဲ ဖြစ်ပါတယ်။ ဒီ Region Code လေးကိုတော့ Settings > General > Legal & Regulatory ထဲမှာ စစ်ဆေးနိုင်ပါတယ်။ ဒီလို Aအက္ခရာနှင့် ဂဏန်းလေးလုံး  စတဲ့ဖုန်းတိုင်းက မြန်မာနိုင်ငံအတွက် တရားဝင်သတ်မှတ်ထားတဲ့ Region Code ဖြစ်လို့ ရွေးချယ်ဝယ်ယူဖို့တော့ အကြံပေးချင်ပါတယ်။

ဝယ်ယူပြီးသားသူတွေအနေနဲ့လည်း  ကိုယ်သုံးနေတဲ့ iPhone က ဘာ Region ကို သိဖို့ဆိုရင်တော့  Settings > General > About က Model နံပါတ် နောက်ဆုံး 2 လုံး သို့မဟုတ် 3 လုံး (ZA/A ,ZP/A, B/A,C/A)  ကိုကြည့်ပြီး Region ကို ကြည့်နိုင်ပါတယ်။ ကိုယ့်ဖုန်းလေးက ဘယ် Region ထုတ်လဲ ဆိုတာကိုတော့ အောက်က Link လေးမှာ တစ်ချက် စစ်ဆေးနိုင်ပါတယ်။ 

https://www.premiuminfo.org/know-iphone-origin-country/

အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ iPhone ဝယ်မယ့်အချိန် ဘယ် Region အလုံးရွေးရမလဲဆိုပြီး တိုင်ပတ်နေပြီဆိုရင် (ZP/A)(Singapore), (ZA/A)(HongKong) စတဲ့ Region တွေထက် A အက္ခရာနဲ့ ဂဏန်းလေးလုံး(Region Code) ကိုသာ အဓိက ကြည့်ပြီးရွေးချယ်ကြပါလို့ပြောရင်း ဒီနေရာတင်ပဲ ရပ်နားလိုက်ပါတယ်။ အားလုံးပဲ iPhone ကို ကိုယ်တိုင် အကောင်းဆုံးရွေးချယ်ဝယ်ယူနိုင်ကြပါစေဗျာ