Thursday, September 15, 2022

iPhone 14 Emergency SOS Via Satellite

 




Emergency SOS Via Satellite
======================
အိုင်ဖုန်း ၁၄ မျိုးဆက်တွေမှာ နောက်ထပ်ပါဝင်လာမဲ့ Safety Feature တစ်ခုကတော့ ဂြိုလ်ထုဆက်သွယ်ရေးကို အသုံးပြုပြီး အရေးပေါ်ဌာနတွေကို စာပို့ဆက်သွယ်၍ အကူအညီရယူခြင်းပါဘဲ၊ ဝေးလန်ခေါင်ပါးပြီး ဝိုင်ဖိုင် ဆယ်လူလာ အဆက်အသွယ်ပြတ်တောက်သော အရပ်ဒေသတွေမှာ မျက်စိလယ် လမ်းမှားနေပါက အလွန်အသုံးဝင်လှပါတယ်။
ဂြိုလ်ထုတွေဟာ ကမ္ဘာမြေမှ မိုင်ပေါင်းများစွာ အကွာအဝေးမှာ အလွန်မြန်ဆန်သောနှုန်းနဲ့ သူ့လမ်းကြောင်းအတိုင်း သွားလာနေတာပါ၊ ဆက်သွယ်ရတဲ့ Bandwidth ကလည်း အလွန်းတရာမှနိမ့်လှပါတယ်၊ ဒါကြောင့် စာတိုလေးပို့တာတောင် စက္ကန့် မိနစ်များစွာ အချိန်ယူလှပါတယ်၊ နောက် ကောင်းသောအဆက်အသွယ်မိဘို့လည်း တောင်တန်းတွေ သစ်ရွက်ထူထပ် သစ်ပင်များကင်းရာ လွင်ပြင်ကျယ်ကျယ် ကောင်းကင်ကြည်ကြည်ဆို ပို အဆင်ပြေပါလိမ့်မယ်၊ ဒီလို ဂြိုလ်ထုဆက်သွယ်ရေး အခက်အခဲများကြောင့် အရေးပေါ်အချိန် မလိုလားအပ်သော စာရှည်ရှည်များကို ရှောင်ရှားစေဘို့ ပန်းသီးဟာ အဓိကလိုအပ်တဲ့ မေးခွန်းတိုများ အရင်မေးပါ့မယ်၊ ဖုန်းမျက်နှာပြင်မှာ Tap လုပ်ပြီးဖြေသွားရုံပါဘဲ၊ ဘယ်လိုအရေးပေါ်မျိုးလဲ၊ ထိခိုက်သူရှိလား၊ စားစရာသောက်ရေ ဘယ်လောက်ကျန်သေးလဲ စသဖြင့်ပေါ့၊ အဖြေအားလုံးကို ပန်းသီးဟာ နည်းပညာတစ်ခုနဲ့ ဖိုင်ဆိုဒ်ကို သုံးဆလောက် ချုံ့ပြီး ဂြိုလ်ထုဆက်သွယ်ရေးကို ပိုမြန်အောင် ပြုပါတယ်၊
နောက်တဆင့်က ဂြိုလ်ထုဆက်သွယ်မှု ပြုလုပ်ခြင်းပါ၊ ပြင်ပ အင်တင်နာမပါဘဲ မလိုဘဲ၊ အိုင်ဖုန်း hardware နဲ့ software အထူးပေါင်းစပ်ထားတဲ့ ပန်းသီးရဲ့ နည်းပညာအသစ်ပါဘဲ၊ သုံးစွဲသူအတွက်လည်း အလွန်မှ လွယ်ကူလှပါတယ် အိုင်ဖုန်းမျက်နှာပြင်မှာ ဘယ်နေရာကို ဦးတည်ပြီး ဆက်သွယ်မှုရှာရမယ်ဆိုတာ ပြထားပါ့မယ်၊ ဂြိုလ်ထုဆက်သွယ်မှု ရဘီဆိုတာနဲ့ ခုနဲ့က မေးခွန်း အဖြေများ၊ မိမိရဲ့ တည်နေရာ၊ ဖုန်းမှာရှိတဲ့ Medical ID၊ ဖုန်းဘက်ထရီလက်ကျန် စတဲ့ သတင်းအချက်အလက်တွေကို ဂြိုလ်ထုက တဆင့် မြေပြင် အရေးပေါ်အကူအညီပေးတဲ့ ဌာနတွေကို ပို့ပေးပါ့မယ်၊ မြေပြင်နဲ့ အဆက်အသွယ်ရပါက စာတိုပြန်စာရရှိပြီး စိတ်အေးချမ်းစွာ ရောက်နေတဲ့နေရာမှ အဝေးမရွေ့ဘဲ အကူအညီကို စောင့်နေဘို့ပါဘဲ၊ မြေပြင် အရေးပေါ်အကူအညီဌာနတွေကလည်း တချို့က ဂြိုလ်ထုပေးပို့စာကို လက်ခံနိုင်တဲ့ စက်တွေရှိသလို တချို့နေရာတွေမှာ မရှိနိုင်ပါ၊ အဲလိုနေရာဒေသတွေအတွက် ပန်းသီးဟာ Emergency Relay Centers များကို တကယ့်ပန်းသီးမှ ပညာရှင်များနဲ့ ပေါင်းစပ်ပြီး Set up လုပ်ထားပါ့မယ်၊ ဒုက္ခရောက်နေသူများ ကိုယ်စား အရေးပေါ်အကူအညီများ အမြန်ဆောင်ရွက်နိုင်ရန် ကူညီပေးပါ့မယ်။ အစိုးရအဖွဲ့အစည်းများ လူမှု့ရေးအဖွဲ့အစည်းများ ပန်းသီးနဲ့အတူ ပူပေါင်းပါဝင်ခြင်းပါဘဲ၊
ဂြိုလ်ထုအဆက်အသွယ်နဲ့ နောက်တစ်ခု အိုင်ဖုန်းမှာ ပြုလုပ်နိုင်တာက Find My App ကို ဖွင့်ပြီး မိမိရဲ့ တည်နေရာကို မိမိ မိသားစု သူငယ်ချင်းထံသို့ Share လုပ်နိုင်ခြင်းပါ၊ မိသားစု မိတ်ဆွေများကလည်း မြေပြင် အရေးပေါ်အဖွဲ့အစည်းတွေနဲ့ လိုအပ်သလို ပူပေါင်းပါဝင်လို့ ရနိုင်ပါတယ်၊
ဟုတ် အစိုးရ လူမှု့အဖွဲ့အစည်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ရသဖြင့် လွယ်သောအလုပ်တော့ မဟုတ်ပါလေ၊ အစ ကနဦးအဖြစ် အမေရိကားနဲ့ ကနေဒါ တိုင်းပြည်မှာဘဲ နိုဝင်ဘာလမှ စတင်၍ အသုံးပြုနိုင်ပါ့မယ်၊ ကျန်တဲ့ တိုင်းပြည်များကို တဆင့်ချင်း တိုးချဲ့သွားဘို့တော့ ရှိပါတယ်၊ လုပ်ဆောင်ခကတော့ အိုင်ဖုန်း ၁၄ မျိုးဆက်ပိုင်ဆိုင်သူများ ပထမ နှစ်နှစ်ကတော့ အခမဲ့ပါ၊ နှစ်နှစ်ပြီးပါက ဘယ်လောက်နှုန်းထားဆိုတာတော့ ပန်းသီးက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး၊ နောက် အိုင်ဖုန်းမှာ အဲလုပ်ဆောင်ချက်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာလည်း အသေးစိတ် မသိရသေးပါဘူး၊ အချိန်အတိုင်းတာတစ်ခုတော့ စောင့်ရဦးမယ် ထင်ပါတယ်၊ နောက်ဆက်တွဲ သိရှိပါက အသေးစိတ် အသုံးပြုပုံ အဆင့်ဆင့် ထပ်ရေးပါဦးမယ်။

No comments:

Post a Comment